ကြံခင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်တို့တွင် မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက ရေနုတ်မြောင်းများ တူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှဦးဆောင်၍ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း၍ မြို့အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မြေနိမ့်ပိုင်း များ မိုးရေဝင်ရောက်မှု နည်းပါစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် မြို့မရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတစ်လျှောက်ရှိ ပင်မရေမြောင်းတူးဖော်ဆယ်ယူခြင်း၊ ရွာသစ်ရပ်ကွက်၊ သာယာကွက်သစ်(၅)လမ်းနှင့် မန်းကြာဝတ်မှုံလမ်း ဘေးဝဲယာဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မစဖအဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ မစဖ(အတွင်းရေးမှူး) ရဲမှူးကြည်စိုး၊ မစဖအဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး လှခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးကြသည်။
ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မိုးတွင်းကာလရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အတူ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များဆယ်ယူခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ခြင်းတို့ကို မြို့နယ်စည်ပင်သာရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)