ဖြူးမြို့နယ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်သရုပ်ပြနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ဖြူး ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ မြေသြဇာစနစ်တကျနှုန်းထားမှန်ကန်စွာ ကျွေးမွေးနိုင်ရေး၊ အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ မင်းဂံရိုးကျေးရွာတောင်သူဦးဗီဂျေး၏ ကွင်းအမှတ်၂၆၂/(က) ဆင်းသုခမိုးစပါး(၆)ဧကစိုက်ခင်းတွင် ယမန်နေ့ နံနက်(၁၁)ခွဲအချိန်က ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆင်းသုခမိုးစပါး(၆)ဧကစိုက်ခင်းအတွင်း ပေါင်းလိုက်ခြင်း၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်ခြင်းများ စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၍ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက မိုးစပါးစိုက်တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် အဓိကစိုက်ပျိုးသော မျိုးများမှာ ဆင်းသုခ (၁၀၂၈၀၄)ဧက၊ ရက်(၉၀)မျိုး(၂၂၅၇)ဧက၊ ရတနာတိုး(၃၆၅၀)ဧက၊ နှံကောက်(၃၂၇၃၄)ဧက၊ အောင်နိုင်တိုး(၁၂၇၁)ဧက၊ YAR-14(၃၁၂၆) ဧက၊ YMR- 20 (၅၂၁၁)ဧက စုစုပေါင်း (၁၅၁၀၅၃) ဧကစိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်များအရ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်း၊ ဘောင်စနစ်ဖြင့် စိုက်ပျိုးနည်း၊ ရိုးရိုးစိုက်ပျိုးနည်းများဖြင့် စိုက်ဧကပြည့်မီရေးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)