ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦး‌ဇော်ဝင်းထွန်းက မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန်နည်းလမ်းများ၊ ရေကြီးခြင်းဖြစ်‌ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ဆူနာမီဖြစ်ပေါ်နေချိန်နှင့် ဖြစ်‌ပေါ်ပြီးချိန်တို့တွင် ပြုလုပ်ရန်အချက်များ၊ မိုးခေါင်‌ရေရှား‌ ဘေးကြိုတင်ပြင်ဆင်ရန်အချက်များနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူနှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)