သာယာဝတီမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

သာယာဝတီ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/ ၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါအကြောင်းအရာများအား သိရှိစေရန် အသိပညာပေးဟောပြောပြီး သာယာဝတီမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ) က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြော​ခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)