ဘားအံ ဇူလိုင် ၂၃
ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် AML/CFT အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က သတင်းပို့အဖွဲ့အစည်းဖြစ်သော အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်းရှင်များအနေဖြင့် အိမ်ခြံမြေညွှန်ကြားချက် (၁/၂၀၂၂)၊ အဖိုးတန် သတ္တုညွှန်ကြားချက် (၂/၂၀၂၂) နှင့် ကြီးကြပ်ရေးအာဏာပိုင်က အခါအားလျှော်စွာထုတ်ပြန်သည့် ညွှန်ကြားချက်များ ကို အထူးအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က AML/CFT အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဆုခက်ခက်လင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးစောလင်းအောင်တို့က နှုတ်ခွန်ဆက်စကားများပြောကြားကာ တက်ရောက်လာကြသော အသင်းသား၊ အသင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အိမ်ခြံမြေအသိပညာပေးသင်တန်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး Institute Of MRESA AML/CFT အသိပညာမြှင့်တင်ရေးသင်တန်းနှင့် Professional Sales Training For Real Estate (အရောင်းမြှင့်တင်ရေး) သင်တန်းတို့ကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ တော်ဝင်ရတနာဟိုတယ်တွင် တစ်ပေါင်းတည်းဖွင့်လှစ်ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး နေပြည်တော်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသူရိန်အောင်၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)