တောင်ငူ ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူး၍ ပဲခူးဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက စနစ်တကျစစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ အချိန်နှင့်တစ်ပြေးညီ စုစည်း၍ စာရင်းအင်းအချက်အလက်များ အရည်အသွေးကောင်းမွန်စေရန်နှင့် အချက်အလက်ဖြည့်သွင်းမှု တပြေးညီဖြစ်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကောက်ယူမည့် ပုံစံများ ဖြည့်သွင်းခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၌ ဖွင့်လှစ်သင်ကြားပို့ချသည်။
ထိုသို့ သင်ကြားပို့ချရာတွင် တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ချောအိအိနိုင်၊ ဦးစီးအရာရှိ ဦးလှိုင်ထူးနှင့် ဦးစီးအရာရှိ ဒေါ်မျိုးမျိုးကြိုင်တို့က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ပြီး တောင်ငူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှ သင်တန်းသား သင်တန်းသူ (၃၈) ဦးကို ဇူလိုင် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားခြင်းကြောင့် တောင်ငူခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုများမှ ကောက်ယူရရှိသော စာရင်းအင်းအချက်အလက်များကို အသုံးပြု၍ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်နိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စာရင်းအင်းအချက်အလက်များကို ရရှိစေနိုင်ကြောင်း သိရသည်။
ဇော်ကိုကို