ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပုလော ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ခိုင်က မိုးရာသီတွင်အဖြစ်များသည့် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ကို မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီချိန် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ အကြီးတန်းစာရေး ဒေါ်ညိုညိုစန်းက မြေပြိုဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က သဘာဝဘေးန္တရာယ်သည် လူမျိုးမရွေး၊ ကျားမမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး ကျရောက်နိုင်ကြောင်း၊ သဘာဝဘေးတွင် လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့် ဖြစ်သောဘေး ဟူ၍ရှိကြောင်း၊ လူကြောင့်ဖြစ်သောဘေးများက ကြိုတင်ကာကွယ်နိုင်ကြောင်း၊ သဘာဝကြောင့်ဖြစ်သော ဘေးက ကြိုတင်ကာကွယ်ရန် ခက်ခဲသောကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသီးသီးကို သိရှိထားရန် လိုအပ်ကြောင်းနှင့် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အေးအေးမော်(ပုလော)