လွိုင်ကော် ဒီဇင်ဘာ ၁၇
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အတည်ပြုမိန့် လာရောက်လျှောက်ထားကြသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အများစုကို ကြည့်မည်ဆိုပါက ဟိုတယ် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းသာများသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခုဆိုရင် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍများပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်ကို တွေ့ရ သဖြင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ သိသာထင်ရှားလာကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လိုအပ်သည့်အခြေခံအဆောက်အဉီများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ခြင်းသည်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာရသည့် အချက်ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် သည်အားလုံးသိကြသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နိုင်ငံလုံးသာမက၊ တစ်ကမ္ဘာလုံး၏ လူမှုစီးပွားနယ်ပယ်များတွင် ထိခိုက်မှုရှိခဲ့သကဲ့သို့ ကယားပြည်နယ်မှာလည်း ရိုက်ခတ်မှုများရှိနေပါကြောင်း၊ ခရီးသွားလုပ်ငန်းကို အမှီပြုထား သည့် စီးပွားရေးလုပ်ငန်းများမှာလည်း ယခုရိုက်ခတ်မှုကို သိသိသာသာ တွေ့မြင်ရပါကြောင်း၊ ဖြစ်ပေါ်လာတဲ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည့် စီးပွားရေးလုပ်ငန်း ပုံစံများ ပြောင်းလဲဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကြိုတင်စဉ်းစားပြီး ပြည်နယ် အစိုးရကို အကြံဉာဏ်ကောင်းများ တင်ပြကြရန်နှင့် လုပ်ငန်းရှင်များကိုလည်း အားပေး ကူညီနိုင်ရေး ကြိုးပမ်းကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်းသစ်ဦး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ လီမိတက်မှ သစ်ခွပန်းနှင့် အခြားသောပျိုးပင်များ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးနိုင်ရန်အတွက် ကော်မတီ အတွင်းရေးမှူးမှတင်ပြရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အတည်ပြုမိန့်ကို ဆန်းသစ်ဦး ကုမ္ပဏီလီမိတက်တို့ထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး နှင့်လျှပ်စစ် ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမော်မော်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးဦးအံ့မော်၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ၊ ပြည်နယ်စိုက်ပျိုးရေးဌာန ၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က တက်ရောက် ခဲ့ကြောင်းသိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)