ပလောက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပလောက် ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ပလောက်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းများထံ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး၊  စနစ်တကျ လက်ဆေးနည်းများအကြောင်းတို့ကို အသိပညာပေးဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေ စစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး လိုအပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)