ကော့သောင်း ဇူလိုင် ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ အဆောက်အဦသစ်အား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးပြည်ထောင်စု တရားသူကြီးချုပ်ဦးသာဌေးက ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အား အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နောင်ရိုး မြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာဦးတင်စိုးက ရုံးအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရုံးအဆောက်အဦနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို တနင်္သာရီတိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကော့သောင်းခရိုင် တရားသူကြီး ဦးချစ်ကိုကိုက “ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား တရားရုံးဂုဏ်သိက္ခာနှင့်အညီ တည်ဆောက်ပေးခဲ့သော နိုင်ငံတော်အစိုးရ၊ တနင်္သာရီ တိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အားလည်းကောင်း၊ ရုံးသစ်ကြီးကို စံချိန်မီတည်ဆောက်ပေးခဲ့သော နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်အားလည်းကောင်း၊ အခမ်းအနားကြီး ဖြစ်မြောက်ရေးအတွက်၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီခဲ့ကြသူအားလုံးကိုလည်းကောင်း၊ တရားရေးဌာနကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကော့သောင်းခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်မှ စ၍ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၉၀၅.၄၈၆) ဖြင့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခုတည်ဆောက်ပြီးစီးသည့် ကော့သောင်းခရိုင် တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးသည်အလျား(၁၃၅)ပေ x အနံ (၆၆)ပေ (၅)ထပ် RCC အဆောက်အဦဖြစ်ကာ အမှုလက်ခံဌာန၊သတင်းမီဒီယာခန်း၊ သက်သေများနားနေခန်း၊ ဥပဒေအရာရှိများနားနေခန်း၊ ရှေ့နေများနားနေခန်း၊ အသံဆက်သွယ်ရေးစနစ်၊ ဓာတ်လှေကား စနစ်၊ လုံခြုံရေးစနစ်များဖြင့် ခေတ်နှင့်လျော်ညီစွာ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)