မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

မြဝတီ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများ တွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ ခရိုင်ဘေးအန္တရာယ်လျော့ပါးရေးနှင့် အရေးပေါ်အမိုးအကာ ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ မွန်မြတ်ဖြူစင် လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း၍  မြဝတီမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်ကြသည့် အမှတ် (၁/၂/၅)ရပ်ကွက်တို့၌ နေထိုင်ကြသည့် မိဘပြည်သူများအား သောင်းရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်၏ ထုတ်ပြန်ချက်အရ ​မြစ်ရေကြီးခြင်း သတိပေးချက်နှိုးဆော်မှုအား ရပ်ကွက်အလိုက် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)