ဝါးခယ်မ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်း-ကျောင်းစု-ကလ ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြခတ်ကုန်းတံတားသည် အရှည်(၆၀)ပေ၊ အကျယ် (၂၀)ပေရှိ သံကူကွန်ကရစ်တံတား ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းအား တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၉၉) ကျပ်သန်းဖြင့် Royal Three Star Shwe Nyi Ko ကုမ္ပဏီ က (A1/ A2 Bored Pile, Pile Cap, Abutment)များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယခုအခါ တံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း) လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် တည်ဆောက်မှုလုပ်ငန်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ကြခတ်ကုန်းအပါအဝင် ကျေးရွာ(၃၀)ရွာ၊ အိမ်ခြေ (၁၅၀၀)နှင့် လူဦးရေ (၅၂၅၀) ဦးတို့အတွက် သွားလာမှုအဆင်ပြေမည်ဖြစ်ပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချော့မွေ့မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)