ကျွန်းစု ဇူလိုင် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကျွန်းစုမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ အချက်အလက်များကို Enrollment Application Form (ပုံစံ-၁) ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ပွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့် server ထဲထည့်၍ အချက်အလက်များကို QR Code ပါသည့် ဂဏန်း(၁၀)လုံးပါသော Unique ID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးသည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၄၀ ကျော်ခန့်ရှိပြီး ယနေ့တွင် ပင်စင်လစာ လာရောက် ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်းစုမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် လဝက မှူး ဦးသန်းဌေး ဦးဆောင်၍ ဝန်ထမ်းများက ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)