ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဇူလိုင် ၂၃

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားတိုးတက်လာသည့် အတွက် ဟိုတယ်နှင့်ခရီးစဉ်ဒေသများတွင် ပြည့်စုံလုံလောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ အမှိုက်ပုံး၊ အမှိုက်အိမ်များ စနစ်တကျ ထားရှိ၍ အမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်များ သက်ဝင်မှုရှိစေရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန် နောင်လုံထွန့်ပတိုင်မှ ဆဒ္ဒန်ဂူသို့ မိုးရာသီ အပျော်စီးလှေပြေးဆွဲပေးနိုင်ရေး ကွင်းဆင်းတိုင်းတာ စီမံဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့များသည် အဓိက အခြေခံကျပြီး လိုအပ်သည်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အပိုင်းကို တင်ပြဆွေးနွေးပေးကြစေလိုကာ ခရီးစဉ်ဒေသများ ဆွဲဆောင်မှုရှိစေရန်၊ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ရေရှည်တည်တံ့သည့် ခရီးစဉ် ဒေသသစ်များ ပေါ်ထွန်းလာစေရန်  ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဒေသကော်မတီ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲ ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူ ခရီးစဉ်ဒေသများမှ တာဝန်ရှိသူများက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။   

ပြည်နယ်(ပြန်/ဆက်)