ဒေးဒရဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ နေအိမ်များနှင့် လုပ်ငန်းများက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (အလယ်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ဇာနည်ဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရေး အမှိုက်အမျိုးအစား စနစ်တကျခွဲခြားစွန်ပစ်ရေးနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းအား ရှင်းလင်းဟောပြောခြင်းနှင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် အမှိုက်စိုများဖြစ်သည့် မီးဖိုချောင်ထွက် စွန့်ပစ်အမှိုက်များ၊ သစ်သီးအခွံများနှင့် အစေ့အဆံများ၊ စားကြွင်းစားကျန် အသားငါးများ၊ စျေးနှင့် စားသောက်ဆိုင်များကထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား အမှိုက်ပုံးအစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သည့် ခြောက်သွေ့သော စက္ကူပုံးများ၊ ဖန်ပုလင်းများ၊ သံတို သံစ၊ သတ္တုပစ္စည်းများ၊ အဝတ်အထည်နှင့် ပိတ်စများစသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ရန် အဝါရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များအတွက် ပလတ်စတစ်သုံးပစ္စည်းများနှင့် တစ်ခါသုံးပလတ်စတစ် ပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များဖြစ်သည့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ဘတ္ထရီအိုးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးဘူးများ၊ မှုတ်ဆေးဘူးအမျိုးမျိုးနှင့် မိတ္တူကူးစက်များကထွက်ရှိသည့် ဆေးအကြွင်းအကျန်များ စသည့်ဘေးအန္တရာယ်ရှိနိုင်သည့်အရာများအား အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန်သတ်မှတ်ထားပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
အေဇာလင်း(ပြန်/ဆက်)