ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၂၂) ရက်ညနေ (၃) နာရီ အချိန်၌ ဘိုကလေး-စက်ဆန်းကားလမ်း ပတ်ဝန်းကျင်နှင့် အမှတ် (၇) ရပ်ကွက် (၁၉)လမ်းတို့တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့်အတူ မြောင်းတူးဖော်သည့်ပတ်ဝန်းကျင်မှ လူနေအိမ်များ၊ ဈေးဆိုင်ပိုင်ရှင်များအား လိုအပ်သည်များ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရသည်။    

မိုးစက် (ဘိုကလေး)