မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

အထက်မင်းလှ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ဘဏ်ချေးငွေအား ကျေးရွာအုပ်စု (၄၀)အုပ်စုမှ တောင်သူ (၃၀၀၀)ဦးအား ထုတ်ချေးရန်လျာထားပြီး တောင်သူများ ပိုင်ဆိုင်ထားသော (ပုံစံ-၇) မူရင်းများကို ဘဏ်အပေါင်အဖြစ်ထားရှိကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။

လက်ရှိတွင် မိုးသီးနှံထုတ်ချေးခြင်းကို ၂၀၂၅ ခုနှစ် မေလမှစတင်၍ ကျေးရွာအုပ်စု (၂၃)အုပ်စုမှ တောင်သူ (၁၂၀၅)ဦးအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ယနေ့ ဇူလိုင်လ (၂၃) ရက်နေ့တွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ (၁၅၅)ဦးအား မိုးသီးနှံထုတ်ချေးငွေ ကျပ်(၉၄,၈၅၀,၀၀၀/-) ထပ်မံ၍ ထုတ်ချေးပေးနိုင်ခဲ့သည်။

မိုးသီးနှံထုတ်ချေးသည့်ကာလကို ၂၀၂၅ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

 ဝင်းမြတ်(အထက်မင်းလှ)