ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth  Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ရန်ဝါသနာပါခြင်း၊ စာအုပ်စာပေနှင့်မိတ်ဆွေဖွဲ့၍ လေ့လာဆည်းပူးခြင်း၊ စာများများဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာမှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Youth Club အဖွဲ့ဝင် ကျောင်းသူ မအေးမြကေသီက “လူငယ်နဲ့ပရဟိတစိတ်ဓာတ်” ကျောင်းသား မောင်ဖြိုးသူရိန်ဇော်က “လူငယ်နဲ့သိစိတ်” ကျောင်းသားမောင်ဟန်ထူးစံက “စာရိတ္တမဏ္ဏိုင်” စသည့်စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နဲ့အပြောင်းအလဲ” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Youth Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုကိုမင်း (ပြန်/ဆက်)