ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူမှုရေး” လူငယ်လမ်းညွှန်ဆောင်းပါးများစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးဆရာမောင်မင်းစိုးရေးသားသည့် "လူငယ်နဲ့လူမှုရေး"စာအုပ်တွင် လူသားအချင်းချင်းစေတနာ၊ မေတ္တာ၊ ကရုဏာ၊ သနားမှု၊ ကြင်နာမှု၊ စာနာမှု၊ ဖေးမကူညီမှုသည် လူသားအသိစိတ်ဓာတ်တွေနှင့် အဓိပ္ပါယ်ရှိရှိ ပုံဖော်ရင်း နေထိုင်သွားကြရန်အတွက် တစ်ဖက်တစ်လမ်းကနေ မီးမောင်းထိုးပြနေသည့်စာအုပ်ဖြစ်ကြောင်း မိတ်ဆက်ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော Grade-10 ကျောင်းသူ မနှင်းရတီငြိမ်းက လူငယ်နှင့်လူမှုရေးအကြောင်းနှင့် Grade-10 ကျောင်းသူ မအေးယုစံက  လူငယ်နဲ့ပြိုင်ပွဲအကြောင်းအရာများကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်အသိစိတ်ဓာတ်"ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)