ပွင့်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများကို UID ကတ် ကိုင်ဆောင်ခွင့်ရရှိစေရန် ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်ရုံးသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်ရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ UID ကတ် မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို အထောက်အထားများ စိစစ်၍ UID ကတ်များကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID ကတ်များ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးမှု အခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် စီမံအဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများကို UID ကတ်များ ကိုင်ဆောင်ခွင့် ရရှိစေရေးအတွက် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၈၀ ဦးနှုန်း နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )