မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနားလည်ပြီး ကြိုတင်ရှောင်ရှားနိုင်ကြစေရန် ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အ.ထ.က (၃) မြိတ်ပညာရတနာခန်းမတွင် ဇူလိုင်လ (၂၃) ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို ကျောင်းအုပ်ကြီး ဒေါ်ခင်မြသောင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စကားဝိုင်းဆွေးနွေးပွဲ စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်တို့က Moderator အဖြစ် ဆောင်ရွက်ကြ၍ အထက်တန်း ကျောင်းသား/ကျောင်းသူ (၄) ဦးက ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများနှင့် ပါဝင်ဆွေးနွေးခဲ့ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ခန်းမအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်ပြပွဲကို ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)