ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နား

ကျွန်းစု ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်း၊ သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်း ခရီးသည်တင် အမြန်ရေယာဉ်များ အားလုံးထွက်ခွာခွင့် လုံးဝ(လုံးဝ) မပြုပါကြောင်း ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျွန်းစုမြို့တွင် နေ့စဉ် အမြန်ရေယာဉ် အတက်၊ အဆင်းနှစ်ခေါက်နှင့် သစ်သားခွံ ကုန်တင်စက်လှေ အတက်၊ အဆင်းတစ်ခေါက် ပြေးဆွဲလျက်ရှိရာ ယခုအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိကြောင်း၊ တိုင်းဒေသကြီး မိုး/ဇလမှ ရာသီဥတု ကောင်းမွန်၍ ရေယာဉ်များထွက်ခွာခွင့် ထုတ်ပြန်ချက်ရရှိပါက ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)