တမူး ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ်(၂)အခြေခံပညာအထန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ(ဒုတိယ)အကြိမ် ဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းကျန်းမာရေး(ဒုတိယအကြိမ်) စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် တမူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးများတိုက်ကျွေးခြင်း၊ သွားနှင့်ခံတွင်း ရောဂါစစ်ဆေးပေးခြင်းနှင့် မိုးရာသီ၌ ကလေးများတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနည်းလမ်းများ၊နည်းစနစ်မှန်ကန်စွာ လက်ဆေးခြင်းနှင့်သွားတိုက်ခြင်းတို့ကို အသိပညာပေးခဲ့ကြသည်။
အလားတူ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် သတ်မှတ်ရက်များအတိုင်း အလှည့်ကျဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ(ပြန်/ဆက်)