မုံရွာ ဇူလိုင် ၂၂
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားသို့ တက်ရောက် လာသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကလေးခရိုင် ဖူဆယ်အသင်းနှင့် ရွှေဘိုခရိုင်ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ကလေးခရိုင်အသင်းမှ ရွှေဘိုင်ခရိုင်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသည့် ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် - ၅ သိန်းနှင့်တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆု ရရှိသည့် ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေ ကျပ် ၃ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးက ပူးတွဲတတိယ ဆုရရှိသည့် မုံရွာခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၂ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပူးတွဲတတိယဆု ရရှိသည့် စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် ၂ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းတို့က နေရာအလိုက်အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ပထမဆုရရှိခဲ့သည့် ကလေးခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၅ သိန်းအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)