စလင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စလင်း ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မရောက်သေးသည့် ကလေးငယ်များအား အလုပ်သမားဘဝသို့မရောက်စေရန်အတွက် မိဘများသတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝ၌ ပညာရေးကို ဦးစားပေးသင်ယူသင့်ကြောင်း၊ မိဘနှင့်သားသမီးကြား ပြောဆိုဆက်ဆံရာ၌ ပွင့်လင်းမြင်သာမှုရှိရမည့်အချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားအသက်အရွယ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကလေးအလုပ်သမားပ‌‌ပျောက်ရေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်သူကလေးငယ်များမှ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မောင်လွင်(စလင်း)