စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံစိုက်ဧက လျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြစ်သည့် စိုက်ပျိုးသီးနှံများ လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ၏ စားရေရိက္ခာဖူလုံရေး ကြိုးစားဆောင်ရွက်နေသကဲ့သို့ မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ နို့စားနွား၊ အသားစားနွားများ တိုးချဲ့မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာ၊ မျိုး၊ တိရစ္ဆာန်အစာနှင့် သားပေါက်ထုတ်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ပြီး လက်ရှိဖော်ထုတ်ပြီးစီးသည့် မွေးမြူရေးဇုန်များအား စနစ်တကျ အဆင့်မြှင့်တင်ခြင်းနှင့် မွေးမြူရေးဇုန်အသစ်များ ထပ်မံဖော်ထုတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ရေခံ၊ မြေခံကောင်းများအား အခြေခံပြီးဒေသထွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေးကိုလည်း ဦးတည်ဆောင်ရွက်ကာ တိုင်းဒေသကြီး၏ လယ်ယာ၊ သားငါးကဏ္ဍ ဖူလုံပိုလျှံရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း မိုးသီးနှံများစိုက်ပျိုးထားရှိမှု၊ လယ်ယာမြေများသုံးစွဲစိုက်ပျိုးနေမှု၊ ဆည်တမံများနှင့် မြစ်ရေတင်လုပ်ငန်းများမှ  စိုက်ပျိုးရေဖြန့်ဝေပေးနေမှု၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ထားရှိမှု၊ သုံးစွဲနေမှုများအခြေအနေများနှင့် ပြည်သူများ အသားငါး/ဥ ဖူလုံပြည့်ဝစေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းခရိုင်/မြို့နယ်များရှိ ဒေသခံတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားမှုအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)