နတ်မောက်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

နတ်မောက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိ- တွဲဖက်)က လူငယ်များအနေ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေန်၊ နှုတ်မှုစွမ်းရည်တိုးတက်ပြီး အချင်းချင်း ပြန်လည်ဆွေးနွေးတတ်စေရန်၊  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာပေဝါသနာရှင်တစ်ဦးမှ “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်အားဆွေးနွေးရာတွင် ယနေ့လူငယ်ဆိုသည်မှာ နောင်အချိန်မှာ လူကြီးဖြစ်မည့် လူတွေဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တွေအနေဖြင့် မူးယစ်ဆေးဝါးနှင့် မပတ်သက်ရန်၊ မစမ်းသပ်ရန်၊ မသုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမည့်အစား လမ်းမှန်ကိုရောက်အောင် အားကစားနည်းတွေ၊ အခြားလေ့လာစရာများကို လေ့လာစေချင်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိဘဝတိုးတက်အောင်မြင်ရန်အတွက် ပညာတတ်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကိုလည်း လေ့လာသင်ယူစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မူမူစန်း