အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

အောင်လံ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကျောင်းတက်ရန်အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှမဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရခြင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက် (၆)ရပ် စသည့်အကြောင်းအရာများပြောကြားခဲ့ပြီး အောင်လံမြို့မရဲစခန်းမှ ဒုရဲအုပ် လင်းမောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၃၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၃(ခ)(၁) စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်တို့အား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)