လှိုင်းဘွဲမြို့နယ်၌ အချိန်ကို စီမံခန့်ခွဲတတ်စေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းစာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ     ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသအတွင်းလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျက်ရှိရာ စာရေးဆရာ ဂျွန်မြန်မာပြန်ရေးသားထားသော အချိန်ကိုစီမံခန့်ခွဲခြင်းဖြင့်အောင်မြင်မှုကိုရယူခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်များသည် အနာဂတ်အောင်မြင်ရေးအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရမည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတများကြွယ်ဝမှသာ လူများအလယ်တွင်တင့်တယ်ကြောင်း၊ အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစာရမည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book club)အဖွဲ့ဝင်များက စာအုပ်၏ရည်ရွယ်ချက်များ၊ အချိန်ကို စီမံခန့်ခွဲခြင်းနှင့်ဘဝ၊ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စများ၊ အချိန်အား ထိရောက်စွာ စီမံခန့်ခွဲခြင်း၏ အကျိုးကျေးဇူး၊ ရည်မှန်ချက်ချမှတ်ခြင်း၏ အရေးပါပုံ၊ သင့်ကိုသင် တိုးတက်အောင် မြှင့်တင်ခြင်းစသည့်အကြောင်းအရာများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာအုပ်ကို စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် ဘဝအောင်မြင်ရေးအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယကို အခြေခံပြီး မိမိ၏ ရည်မှန်ချက်၊ ရည်ရွယ်ချက်များကို အသက်အရွယ်အလိုက် စီမံခန့်ခွဲတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ  အသုံးချတတ်စေရန်၊ မရှိမဖြစ် လိုအပ်သော အချိန်များကို စီမံခန့်ခွဲတတ်စေရန်၊  စီမံခန့်ခွဲခြင်း၏ အကျိုးကျေးဇူးများ၊ မိမိကိုယ်ကို တိုးတက်အောင် မြှင့်တင်တတ်စေရန် စသည်တို့ကို သိရှိနားလည် သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)