နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၂၃ 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ နွေရာသီအားလပ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူများက ကျောင်းသင်ခန်းစာများထဲမှ မိမိတို့ဖတ်ရှုလေ့လာထားသည့် ပုံပြင်ခေါင်းစဉ်များဖြင့်  အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ 

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း