မြန်အောင် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့က အမှတ်(၂)ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြန်အောင်မြို့ပေါ်ရပ်ကွက် (၆)ခု အတွင်းရှိ မြို့တွင်းလမ်းမများ ဘေးဝဲ/ယာ ရေစီးရေလာကောင်းမွန်ရေးအတွက် မြေသားရေနုတ်မြောင်းဖော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းမှ လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့်အင်ဂျင်နီယာမှူး ဦးရဲစိုးတို့က Backhoe ဖြင့် မြေသားမြောင်း တူးဖော်ခြင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသခဲ့ကြသည်။
မြန်အောင်မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိစေရန် ဆောင်ရွက်ခြင်း၊ ပလပ်စတစ် သုံးစွဲမှုလျော့ချရေးစသည့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)