စစ်ကိုင်း ဇူလိုင် ၂၃
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ နေအိမ်အမျိုးစားများအလိုက် ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ် (၁၇၈၀) လုံးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် (၆၃၅၉.၂၉၇၃)သန်းကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ထောက်ပံ့ပေးအပ်မည်ဖြစ်ပါသည်။
အဆိုပါ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်