ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်

ဘုတ်ပြင်း    ဇူလိုင်   ၂၃

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမင်းကိုက ပါတီစုံ ဒီမိုကရေစီ အထွေထွေေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူ၍ မိမိလက်ထက်မှာကျင်းပသည့်ရွေးကောက်ပွဲသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားပြီး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက MEVM စက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများမှ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးက မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ‌‌ပြောကြားခဲ့သည်။

ဘုတ်ပြင်း ( ပြန်/ဆက်)