ကယားပြည်နယ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် ဇူလိုင် ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်တို့အတွက် ကျွန်း၊ ခရေ၊ စိန်ပန်းနီနှင့် စိန်ပန်းပြာပျိုးပင်များကိုပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဌာနဆိုင်ရာများအား ပျိုးပင်များပေးအပ်ကြရာ ဌာနကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အားစိုက်ပျိုးပေးပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။

ယနေ့တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုးပေါင်း ၁၅ မျိုး၊ အပင်ပေါင်း ၂၀၀၀ ပင်အား စိုက်ပျိုးပေးခဲ့ပြီး ယခင် ပထမ၊ ဒုတိယအကြိမ်အပါအဝင် စုစုပေါင်းအပင်ပေါင်း ၇၅၀၀ ကျော်အား စုပေါင်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)