ရေတာရှည် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၈၀၀) ဦးခန့်ရှိရာ နိုင်ငံ့ဝန်ထမ်းပင်စင်စား (၆၀၀) ဦးခန့်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်စားများအား တစ်ပတ်တိတိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ထို့နောက် အငြိမ်းစားဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက် သက်သာသောတန်ဖိုးသင့်ဈေးနှုန်းများဖြင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၃၅၀)၊ စားအုန်းဆီ ၅၀ ကျပ်သားလျှင် ငွေကျပ်(၃၆၀၀)၊ ဆိတ်သား ၁၀ကျပ်သားလျှင် ငွေကျပ်(၃၀၀၀)နှုန်းများဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာနန္ဒာညီဆွေ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးချိုဆီးချိုစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကိုဆောင်ရွက်၍ ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးနှင့်ကုသပေးခြင်းများကို အခမဲ့ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)