ကရင်ပြည်နယ်အတွင်း မွေးမြူစိုက်ပျိုးထုတ်ကုန်များ စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်

ဘားအံ ဇူလိုင် ၂၂

စားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး တောင်သူများမှစွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများမှ တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးနေမှု များအား လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဘားအံမြို့နယ် နောင်လုံအနောက်ကျေးရွာအုပ်စု အိန္ဒဲကျေးရွာ၊ ရှမ်းစုရပ်ရှိ တောင်သူဦးဆလွန်း၏ ဒေသနွားရွှေနီမျိုး ကောင်ရေ ၃၀ မွေးမြူရေးခြံနှင့်တွဲဖက်၍ ဒေသဆိတ် ၃၅ ကောင် မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီနှင့် တာဝန်ရှိသူများက တောင်သူမွေးမြူထားရှိမှုနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများကာကွယ်ကုသရေး စီမံဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က အသားနှင့်နို့တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးမှာကြားကာ တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို အခမဲ့ချီးမြှင့်ပေး အပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ် ၁၁၆၇၊ တောင်သူဦးချမ်းအေး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဌာန(ခွဲ)မှ မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော ခရုအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ နောင်လုံအနောက်၊ ကော့မကယ်၊ အိန္ဒဲ၊ လှိုင်ကားကျေးရွာများမှ တောင်သူများက လေ့လာကြည့်ရှုခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးထွန်းမြင့်နှင့် တာဝန်ရှိသူများက  တောင်သူများကိုယ်တိုင်ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၆)ဧကအတွင်း တောင်သူများက ယူရီးယားဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိုးကျရောနှော ကြဲပက်ခြင်းနှင့် အမှတ်(၂၀)စက်မှု လယ်ယာစခန်း(ဘားအံ)မှ ကွင်းအမှတ်-၁၁၆၇၊ ထမ္မတိုင်ကွင်း၊ တောင်သူဒေါ်ခင်လေးရွှေပါ(၂)ဦး၏ မိုးစပါးစိုက်ပျိုး မည့်လယ်မြေ ၄ ဒသမ ၅ ဧကအား Kubota 50 ထွန်စက်ကြီးနှစ်စီးဖြင့်မြေယာထွန်ယက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ လိုအပ်သည့်သွင်းအားစုများဖြည့်ဆည်းကူညီပေးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ ကွင်းအမှတ်-၁၁၆၇ ရှိ တောင်သူဦးအေးဝင်း၏ မိုးစပါး(ပေါ်ဆန်းမွှေး)စိုက်ခင်း၌ သဘာဝမြေဩဇာနှင့်ယူရီးယား ဓာတ်မြေဩဇာအချိုးကျ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ မိုးစပါး အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးစံပြစိုက်ခင်းနှင့် မိုးစပါးထွန်ယက်စိုက်ပျိုးနေမှု၊ မြေဩဇာ ရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း  သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)