အိမ်မဲမြို့တွင် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများတူးဖော်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အိမ်မဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်၊ ရွှေလင်းယုန်လမ်းတွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ ရွှေလင်းယုန်လမ်း ဘေးဝဲ၊ ယာမှ ရေမြောင်းများတွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် စက်ယန္တရားများဖြင့် အနက်နှိုက်တူးဖော်ခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိနေအိမ် များတွင်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးများ ခတ်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်ထံမှသိရသည်။

ချစ်သက်လယ်