မော်လမြိုင်ကျွန်း ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျီးချောင်း၊ ကျုံလတာကျေးရွာများရှိ ကွန်ကရစ်ချောင်းကူးတံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထို့သို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော် (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ကျော်ထွေး၊ တံတားတည် ဆောက်ရေးအဖွဲ့ (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်မြသင်းဆွေ၊ မြို့နယ်ဦးစီးအရာရှိ ဦးပိုင်မင်းစိုးနှင့် ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ မော်ကျွန်း-ဘိုးကလေးလမ်းတာမှ ကျီးချောင်း-ကျုံလတာလမ်း ကွန်ကရစ်ချောင်းကူးတံတား ဆောင်ရွက်နေမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ သံကူကွန်ကရစ်တံတားသည်အရှည် (၁၀၀) ပေ၊ အကျယ် (၂၀) ပေရှိပြီး ကျေးရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)