ခန္တီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲပြုလုပ်

ခန္တီး ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များအား ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာအုပ်စာပေဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ စသည့်အကြောင်းအရာများပါရှိသည့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြစာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)