ခန္တီး ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ခင်ငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက လူငယ်နှင့်စာဖတ်ဝါသနာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေး အလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက် စသည့်အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။
ထို့နောက် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထုတ်ဝေထားသည့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး ဇေယျာရွှေမြေလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများ၏လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)