မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်စုပေါင်းရုံး၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဒေါ်စန်းစန်းနု၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။
ထိုနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းနုမှ အတွင်းရေးမှူးရုံးဖြစ်သော ဗဟိုစာရင်းအင်းအဖွဲ့၏ ဆောင်ရွက်ချက်များဖြစ်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ထုတ်ပြန်နိုင်ရန် ဈေးနှုန်းစာရင်းများ လစဉ်ကောက်ယူခြင်း၊ ၃လတစ်ကြိမ် ထုတ်ပြန်သော လူမှုစီးပွားစာရင်းအင်းစာစောင်၊ နှစ်စဉ်ထုတ်ပြန်သော စာရင်းအင်းစာစောင်၊ သဘာ၀ဘးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူစုစည်းခြင်း၊ စစ်တမ်းများ ကွင်းဆင်းကောက်ယူခြင်း စပ်လျဉ်းသည့်အကြာင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသည် တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝသောစာရင်းများရရှိခြင်းဖြင့် လက်တွေ့ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာချမှတ်နိုင်ရန်၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာရင်းအင်းနှင့်သက်ဆိုင်သော အစိုးရ၊ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအားလုံးမှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာသိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)