ပခုက္ကူ ဇူလိုင် ၂၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ဌာနများ၏ အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတမ်းဖတ်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့်ပညာသင်ကြား ပေးနေသော ဆရာ၊ ဆရာမများ၏ အရည်အသွေးများ ပိုမိုမြင့်မားလာစေရေး၊ တက္ကသိုလ်ဂုဏ်အင်္ဂါကို မြှင့်တင်ပေးမည့် သုတေသနစာတမ်းကောင်းများ ပေါ်ထွက်လာစေရေး၊ အစဉ်လေ့လာသင်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအေးကျော်က “ A Study on the Solid Type Pagodas in Bagan”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒဿနိကဗေဒဌာနမှ နည်းပြ ဒေါ်ဖြိုးသီရိကျော်က “Ethincal Approaches to Environmental Conservation in Philosophy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရှေ့တိုင်းပညာဌာနမှ နည်းပြ ဒေါ်ဝေသန္တာလွင်က “A Study on Toddy- Palm Leaf Manuscripts of Myanmar”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဌာနမှ သရုပ်ပြ ဒေါ်ဆုမြတ်မိုးက “ Delection of Antioxidant Activity and Isolation of Bioactive Compounds from Clove Extracts” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြပြီး တက်ရောက်လာကြသည့် ခေတ္တပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာစာတမ်းရှင်များအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)