ပခုက္ကူမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပခုက္ကူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဦးစီးအရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းများထံ ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ မိုးရာသီကာလအတွင်းအဖြစ်များသော ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ စနစ်တကျ လက်ဆေးနည်းများအကြောင်းတို့ကို အသိပညာပေးဟောပြောကြသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများအား သွားကျန်းမာရေးနှင့် မျက်စိကျန်းမာရေးဆိုင်ရာများ စစ်ဆေးကုသပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး လိုအပ်သည့်ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)