ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ စတင်ထုတ်ပေး

ဂန့်ဂေါ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ ထုတ်ယူရခြင်းမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားအဘိုးအဘွားများ ပင်စင်လစာလာရောက်ထုတ်ယူမှုအခြေအနေများကို အမှတ်(၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ ရှေးဦးစွာ အမှတ်(၇၇၃)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်းက ပင်စင်စားအဘိုးအဘွားများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားပင်စင်စားများ၏ လစာငွေများကို ရာသီဥတုအခက်အခဲကြောင့် ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်နိုင်မှုမရှိသေးသော်လည်း မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေများထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် လိုအပ်သည့် ပင်စင်လစာငွေများထုတ်ပေးနိုင်ရေးအတွက် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုလိုပင်စင်လစာငွေများ ထုတ်ပေးနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါသော စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားအဘိုးအဘွားများ ဘေးဘယာဝေးကွာ၍ သက်ရှည်ကျန်းမာစွာဖြင့် နေထိုင်သွားနိုင်ရေး ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝင်းနှင့် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စုစုမော်တို့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ၂၀၂၅ ခုနှစ်၊ မတ်လမှ ဇူလိုင်လ အထိ(၅)လစာ ထုတ်ပေးသွားမည့်အစီအစဉ်နှင့် နောက်လများတွင်လည်း ပင်စင်လစာငွေများ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဂန့်ဂေါမြို့နယ် အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၂၃၀၀)ဦး၏ နိုင်ငံရေးပင်စင်၊ မြို့ပြပင်စင်နှင့် ကာကွယ်ရေးပင်စင်များကို စတင်ထုတ်ပေးကာ ထုတ်ယူရန်ကျန်ရှိသည့် အငြိမ်းစားပင်စင်လစာငွေများကိုလည်း နောက်ရက်များတွင် ဆက်လက်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်လစာငွေများ လာရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်နှင့် ဇနီးဒေါ်ခင်လဲ့ရည်လှိုင် မိသားစုမှ ကြက်သားဆန်ပြုတ်ဖြင့် အာဟာရကုသိုလ်ပြုကျွေးမွေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း