ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ကေ့ာကရိတ် ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ လူငယ်စင်တာ စည်းအဝေးခန်းမတွင် ကျင်းရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ကျော်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့်  လွတ်လပ်ပြီး တရားမျှတသော ပါတီစုံရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဖြိုးဝေကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များနှင့်  မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဆက်လက်ပို့ချရာ သင်တန်းတွင် ထိန်းချုပ်စက်ကိုင်တွယ်သူများအတွက် လုပ်ငန်းစဉ်များဖြစ်သည့် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မဲပေးစက်များစစ်ဆေးခြင်း အကြောင်းအရာများနှင့် (MEVM) ကိုင်တွယ် အသုံးပြုနည်းကို သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

သင်တန်းကို အပတ်စဉ် (၃)ကြိမ်ဖြင့် ဆရာ၊ဆရာမ သင်တန်းသားဦးရေ ၂၅၇ ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းအပတ်စဉ် (၁)ကို ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၃ ရက်အထိ သင်တန်းသား ၉၁ ဦးအား ပို့ချ‌ပေးလျက်ရှိပြီး ကျန်ရှိသည့် သင်တန်းသားများကိုလည်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြာင်း သိရသည်။

ခရိုင်(ပြန်/ဆက်)