ပုသိမ် ဇူလိုင် ၂၂
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား ဝယ်ယူကြိတ်ခွဲအဖွဲ့များက သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ဧက(၆၀)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲအဖွဲ့များက သွင်းအားစုများ ထောက်ပံ့ပေးအပ်ရာတွင် တောင်သူများ၏ လက်ဝယ်အချိန်မီရောက်ရှိရန် လိုပါကြောင်း၊ သွင်းအားစုများရရှိသည့် တောင်သူများသည်လည်း သွင်းအားစုနှင့်ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့် နှစ်ဖြစ်၍ ပန်းတိုင် အထွက်နှုန်းရောက်ရှိရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းကိုအခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ Happy ဖူဆယ်အားကစား ကွင်းတွင်ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို တက်ရောက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြခရိုင်အမျိုးသားဖူဆယ်အသင်းနှင့် ဖျာပုံခရိုင် အမျိုးသားဖူဆယ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးခဲ့သည်။ ၎င်းပွဲစဉ်တွင် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းက မြောင်းမြခရိုင် အမျိုးသား ဖူဆယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားများကွင်းအတွင်း နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် မြောင်းမြခရိုင် အမျိုးသားဖူဆယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို Happy ဖူဆယ်အားကစားကွင်းမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ ပထမဆုရရှိသည့် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု ရရှိသူများနှင့်ပထမဆုရရှိသည့် ဖျာပုံခရိုင်အမျိုးသားဖူဆယ်အသင်းတို့အား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်