ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၂၅)တက်ရောက်

ပုသိမ် ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး(၂/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နိုင်ငံတော်အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများတွင် ပြည်သူများနစ်နာမှုမရှိစေရေးနှင့် မြေသိမ်းမှု ပြဿနာများ အလျင်အမြန်ဖြေရှင်းပေးနိုင်ရေးအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ကော်မတီဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီမှ လုပ်ငန်းတာဝန်(၉)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအား ကော်မတီဝင်(၉)ဦးဖြင့် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်(၁၁)ရပ်ဖြင့် တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် မြေသိမ်းဆည်းမှုပြဿနာများကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုမြေစစ် အစည်းအဝေး (၂/၂၀၂၅)တွင် အမှုတွဲ(၁၃)တွဲ ထပ်မံတင်ပြဆွေးနွေးမည်ဖြစ်ပြီး ရရှိလာသည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များနှင့်အတူ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားရမည်ဖြစ်သည့် အတွက် တက်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေးကြရမည် ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူးက ယခုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှု အခြေအနေများ၊ ယခင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှု အခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိသည်များ၊ အမှုပိတ်သိမ်းနိုင်မည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့များက အမှုတွဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်