ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၂၂

ဧရာတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း၊ တလိုင်းချောင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားသို့ သွားရောက်၍ ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် လက်ရှိရောက်ရှိနေသည့် မြစ်ရေအမှတ်များ၊ စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်မည့် အခြေ အနေများကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုလားတန်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ဘဌေးလမ်းရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ဘူတာရုံလမ်းဘေးဝဲယာ၌ ဘဲစားမြက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ချောင်းများ၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊ အမှိုက်ပိတ်ဆို့မှုမရှိရေးအတွက် အမှိုက်များ နေ့စဉ် ဆယ်ယူ ရှင်းလင်းရေး၊ လမ်းမကြီးများပေါ်တွင် ရေဝပ်မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံသို့ရောက်ရှိ၍ ကန်သုံးဆင့် ပန်းခြံသာယာလှပရေးဆောင်ရွက်ထားရှိမှုများ၊ ကန်သုံးဆင့်ရေပြင်တွင် လက်ရှိရောက်ရှိနေသည့် ရေအမှတ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် မြေလွတ်နေရာတွင် ပန်းခြံဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ခြုံနွယ်များမရှိစေရေးအတွက် ရှင်းလင်းဆောင်ရွက်ရေး၊ မြက်ခင်းများစိုက်ပျိုးရန်နှင့် ရာသီအလိုက်ဖူးပွင့်ဝေဆာသည့် သစ်ပင်ပန်းမာန်များကို စိုက်ပျိုးရေး၊ ကန်ပတ်လမ်းတစ်လျှောက် အမှိုက်ကင်းစင်ရေး၊ အမှိုက်ပုံးများထားရှိ၍ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို မှာကြားခဲ့သည်။

လှမင်းထွဋ်