ကန့်ဘလူ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြော ကြားရာတွင် စာကြည့်တိုက်ဆိုတာ အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိတဲ့စာအုပ် စာစောင်တွေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက အခြားလေ့လာစရာတွေကို စနစ်တကျစုစည်းထားတဲ့နေရာဖြစ်ကြောင်း၊ ဗဟုသုတများစွာပေးစွမ်းနိုင်တဲ့ စာကြည့်တိုက်တွေစနစ်တကျလည်ပတ်ဖို့ဆိုရင် စာကြည့်တိုက်မှူးတွေကအရေးပါလှကြောင်း၊ ကျွမ်းကျင်တဲ့စာကြည့်တိုက်မှူးတွေ မွေးထုတ်ပေးနိုင်ဖို့အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွေက မရှိမဖြစ်လိုအပ်ကြောင်း၊ ဒါ့ကြောင့် ဒီနေ့တက်ရောက်ကြတဲ့ သင်တန်းသားများက သင်တန်းကသင်ကြားပို့ချမယ့် ဘာသာရပ်တွေကို စိတ်ပါဝင်စားစွာ သင်ယူမှတ်သားဖို့လိုအပ်သလို မိမိတို့စာကြည့်တိုက်မှာ လက်တွေ့အသုံးချဖို့လည်း လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းကာလ ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်ထိ စာကြည့်တိုက်မိတ်ဆက်၊ စာစု/ စာပြု လုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု/ ထိန်းသိမ်းမှုစနစ်၊ ကတ်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)