ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ဧက ၅၈၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ မြေပဲ ဧက ၅၈၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ မြေပဲစိုက်ပျိုးဖို့ ၇၃၁၄ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၅၈၃၅ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ ဒေသတွင်းစားသုံးဆီဖူလုံဖို့ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းများ အသုံးပြုပြီးစိုက်ပျိုးရေး၊ မျိုးကောင်း/ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေဆေးပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးရန် ၇၃၁၄ ဧက လျာထားကြောင်း၊ ဒေသပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)